ကြံခိုင်ရေးပါတီ စည်းရုံးရေးတွင် နိုင်ငံတော်ပိုင်ပစ္စည်းများကို သုံးစွဲ

လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ဖွံ.ဖြိုးပါတီဟာ ကြားဖြတ် ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးတွေမှာ နိုင်ငံတော်ပိုင်ပစ္စည်းတွေကို သုံးစွဲပြီးတော့ ငွေကြေးနဲ့လည်း စည်းရုံးတာတွေ ရှိတယ်လို့ ကျောက်ပန်းတောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ အခုရက်ပိုင်းအတွင်းမှာ ကျောက်ပန်းတောင်းမြို့ကို ပါတီစည်းရုံးရေး ခရီးစဉ်တွေမှာ နိုင်ငံပိုင် အဆောက်အဦတွေကို သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။  မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးဌေးအောင်ကျော်နဲ့ ဦးရဲမြင့်အောင်တို့ဟာ ကျောက်ပန်းတောင်းမြို့ မြို့မကွက်သစ် အစိုးရပိုင် မူလတန်းကျောင်းမှာ အစည်းအဝေး လုပ်ဆောင်တာနဲ့ ပတ်သက်ပြီးတော့ ဒေသခံ ကိုအေးခိုင်က ခုလို ပြောပါတယ်။
“ကြံ့ခိုင် ရေးနဲ့ ဖွံ.ဖြိုးရေးပါတီက မဲဆွယ်စည်းရုံးဖို့အတွက် ကျောက်ပန်းတောင်းမြို့ကို ရောက်လာပြီးတော့ မြို့မကွက်သစ်ရပ်ကွက်မှာ ရပ်ကွက်ဥက္ကဋ္ဌကို ခေါ်ပြီးတော့ လူတွေစုခိုင်းပါတယ်။ နေရာကတော့ မြို့မကွက်သစ်မြို့က မူလတန်းကျောင်း အစိုးရပိုင်ကျောင်းမှာ ကျင်းပကြပါတယ်။ စည်းရုံးရေးလုပ်ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုး ပါတီအနေနဲ့ အစိုးရပိုင် အဆောက်အဦမှာ လုပ်ခွင့်မရှိပါဘူး။ ဘယ်ပါတီမဆို ရွေးကောက်ပွဲဥပဒေအရ လုပ်ခွင့်မရှိပါဘူး။ လက်ရှိ အာဏာပိုင် အဖွဲ့အစည်းကလူတွေကို အသုံးချပြီးတော့ စည်းရုံးရေး လှုပ်ရှားနေတာပါ။”
ကြံ့ခိုင် ရေးပါတီဟာ နိုင်ငံတော်ပိုင် အဆောက်အဦတွေကို အသုံးပြုနေသလို မဲဆွယ်စည်းရုံးရေးတွေမှာ ငွေကြေး ထောက်ပံ့ပေးမယ် ဆိုပြီး ကျေးရွာတွေမှာ ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကြာခင် ကျင်းပတော့မယ် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ ကိုယ်စားလှယ်လောင်း ဦးဌေးနိုင်ဟာ မဲဆွယ် စည်းရုံးရေးတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီခရီး စဉ်မှာ ပုလဲမြို့နယ်က ကျေးရွာတွေ ရွာငယ်တွေ အတွက်ဆိုရင် ကျပ် ၅ သိန်း၊ ရွာကြီးတွေအတွက် ကျပ် ၁၀ သိန်း ထောက်ပံ့မယ်လို့ ကတိပြု ပြောပြီးတော့ ငွေမရရှိခဲ့ဘဲ လက်ခံရရှိကြောင်းကို ဓာတ်ပုံရိုက် မှတ်တမ်းယူတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းလွင် (ဒီဗွီဘီ) (သစ်ထူးလွင်)

နေပြည်တော်မှာရှိတဲ့ ၀န်ထမ်းတွေအကုန် မိမိတို့ရဲ့ သန်းခေါင်စာရင်းထဲကနေထုတ်ပြီး နေပြည်တော်မှာပဲ အိမ်ထောင်စုစာရင်းအသစ်လုပ်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါပြီ။ ဒါဟာ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့အနေနဲ့ အနိုင်မရနိုင်တဲ့အတွက် မဲခိုးဖို့ ကြိုတင်ဆောင်ရွက်လိုက်တာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းတဲ့သူတွေက ခန့်မှန်းပြောဆိုနေကြပါပြီ။ ၀န်ထမ်းတိုင်း နေပြည်တော်မှာပဲ မဲပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ တကယ်ရော ဖြစ်လာမှာလား ။ ကြိုတင်မဲဆိုတာတွေကရော အမှန်အကန်ဖြစ်နိုင်ပါ့မလား။ လက်ရှိအစိုးရအနေနဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးအောင် ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်က ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေသိအောင် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး နေပြည်တော်က ရုံးတွေအကုန်လုံးကို စာပို့ထားတယ်လို့ သိရပါတယ်။ လ၀ကမှာလည်း ရုံးကတာဝန်ရှိသူတွေကိုခေါ်ပြီးအစည်းအဝေးလုပ်တယ်လို့လည်းသိရပါတယ်
Print Friendly and PDFPrintPrint Friendly and PDFPDF