ဒီမိုကရေစီ အမြတ်ရလိုက်သူများကို မေတ္တာရပ်ခြင်း


ရှစ်လေးလုံးဒီမိုကရေစီတိုက်ပွဲမှသည် ယခုအချိန်ထိ အနေအထားများကို လေ့လာသုံးသပ်ကြည့်လိုက်ပါက အမြတ်ထွက်သွားတဲ့ အုပ်စုများကို တွေ့လိုက်ရပါတယ်။ ဒီအုပ်စုတွေကတော့ ...

(၁) ဗိုလ်ချုပ်မှူးကြီးအုပ်စု
(၂) အာဏာရှင်နဲ့ ပေါင်းလုပ်စားအုပ်စု
(၃) ဒုက္ခသည်ဗန်းပြအုပ်စု (NGO များ အပါအ၀င်)
(၄) ဒီမိုဗန်းပြအုပ်စုတွေ ဖြစ်ကြတယ်။

တအုပ်စုချင်းကို လေ့လာကြည့်ကြပါစို့ ....။

(၁) ဗိုလ်ချုပ်မှူးကြီးအုပ်စု

ဗိုလ်ချုပ်မှူးကြီးကတော့ တခေတ်မှာတယောက် ထွန်းပေါက်သူလို့ ပြောရင်ရပါတယ်။ တိုင်းပြည်တခုလုံးကို ငြိမ်ဝပ်ပိပြားအောင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ အုပ်ချုပ်နိုင်ခဲ့တယ်။ ကမ္ဘာပေါ်မှာ ဘယ်အာဏာရှင်မှ မလုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခြားအာဏာရှင်တွေ ခွေးပြေးဝက်ပြေး ပြေး၊ ခွေးသေ၀က်သေ သေနေတဲ့အချိန်မှာ သူက အေးဆေးပဲ။ သူနဲ့ သူ့အုပ်စုကို အရေးယူလို့မရတော့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့တယ်။ အာဏာကို စိတ်ချလက်ချ လွှဲပြောင်းပေးခဲ့တယ်။ မြန်မာပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးခဲ့တယ်လို့ ပြောရင်ရလောက်တယ်။ အတိုက်အခံပါတီကြီးတခုတောင် နောက်ပိတ်ဆုံး သူ့လမ်းကြောင်းအတိုင်း လိုက်သွားရတာ လူတိုင်းအသိ။ နောက်ဆိုရင် ဗိုလ်ချုပ်မှူးကြီးဟာ ဒီမိုကရေစီဖခင်ကြီး ဆိုပြီး တင်စားခံရလောက်တယ် ... အဟက် အဟက်။ သူ့တပည့် စစ်ဗိုလ်လူထွက်တွေ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်နိုင်စေမယ့် နိုင်ငံရေးအခင်းအကျင်းကြီးတခုကို ဖန်တီးပေးခဲ့ပါတယ်။ မတထောင်တကောင်ဖွား ဗိုလ်ချုပ်မှူးကြီးပါ။ ဘယ်သူ သူ့လောက်တော်မယ်ထင်သလဲ။

(၂) အာဏာရှင်နဲ့ ပေါင်းလုပ်စားအုပ်စု

ဒီအုပ်စုလည်း ပန်းပန်လျက်ပဲ။ ကြီးပွားချမ်းသာပြီး ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနေတဲ့ အုပ်စုကြီးပါ။ လွှတ်တော်အမတ်ကြီးတွေ ဖြစ်သူဖြစ်၊ အားကစားစပွန်ဆာကြီးတွေ ဖြစ်သူဖြစ်။ ၀န်ကြီးတွေဖြစ်သူဖြစ်။ ဘ၀အကျိုးပေးကောင်းသူများပါတကား။ ပိုက်ဆံအရှာ တော်လိုက်တာ၊ အင်တာနေရှင်နယ် စီးပွားရေးသမားကြီးတွေနော်။ ဘယ်အစိုးရပြောင်းပြောင်း လုပ်စားတတ်လိုက်ကြတာနော် ဆိုပြီး ချီးကျူးစရာကောင်းလိုက်တဲ့ အုပ်စုကြီးပါ။ အခု ဒီမိုကရေစီခေတ်ကြီးမှာလည်း ထိပ်တန်းမှာပဲ။ ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ ဆိုတာ သူတို့ကို တင်စားတာဖြစ်မယ်။

(၃) ဒုက္ခသည်ဗန်းပြအုပ်စု (NGO များအပါအ၀င်)

သူတို့အုပ်စုကလည်း ခပ်မိုက်မိုက်ပဲ။ ဒုက္ခသည်အတုတွေနဲ့ စီးပွားဖြစ်သွားကြတယ်။ နိုင်ငံခြားသွားချင်ရင် သူတို့ကို ပသလိုက်။ သွားရရော။ ဒုက္ခသည်အစစ်တွေ ရိက္ခာမရရင်နေမယ်။ အတုတွေကတော့ နိုင်ငံခြားမှာ နာမည်အမျိုးမျိုးနဲ့ ကြီးပွားနေကြရော။ မြန်မာပြည်မှာ ကိုရင်၊ နိုင်ငံခြားမှာ ဖိုးခွားဖြစ်နေတာ မဆန်းတော့။ ရယ်စရာတော့ အကောင်းသား။ နောက် ပညာရေး၊ ကျန်းမာရေး ဗန်းပြလုပ်စားနေကြတဲ့ NGO လူကြီးတွေ၊ ပညာရှင်ကြီးတွေလည်း ဒေါ်လာတွေ ထောပြီး လူကိုလူလို့မထင်တော့။ သူတို့အတွက် မျောက်လေးတွေပေါ့။ ပြပြီး ဆန်တောင်းလို့ရတယ်လေ။ တိုင်းပြည်ပျက်လေ လုပ်စားလို့ကောင်းလေဆိုတဲ့ လူတော်ကြီးများ အုပ်စုဖြစ်တယ်။

(၄) ဒီမိုဗန်းပြအုပ်စု

ဒီလူတွေလည်း အခုဆို မြန်မာပြည်ဒီမိုကရေစီအရေးလှုပ်ရှားသူများအဖြစ် နာမည်တွေကြီးနေကြတယ်။ ဒီမိုကရေစီထောက်ပံ့ကြေးတွေ ရပြီး ကောင်းစားနေတဲ့သူတွေပေါ့။ ခေတ်မီနည်းပညာတွေလည်း တတ်၊ ဒီမိုကရေစီကိုလည်း နားလည်ဆိုတော့ စာအုပ်ကြီးငယ်ရေးပြီး တချို့ဆို ကမ္ဘာကျော်သတဲ့။ ကောင်းလေစွ။ ဗန်းပြလုပ်စားတတ်တဲ့ အရည်အချင်းတွေက သာမန်လူတွေ တတ်မယ်ထင်သလား။

အခြားအုပ်စုလေးတွေလည်း အများကြီးကျန်ပါသေးတယ်။ အခုက ထင်ရှားတဲ့ အုပ်စုကြီးတွေကို ဦးစားပေး ဖော်ပြလိုက်တာပါ။

မြန်မာပြည် ဒီမိုကရေစီအရေးအတွက် အမှန်တကယ် လှုပ်ရှားခဲ့ကြတဲ့လူတွေက အခုမှ အချုပ်အနှောင်ထဲမှ တိုးထွက်လာနိုင်ခါစ။ သူတို့ကို ပြင်ပလေ ပြည့်ပြည့်၀၀ ရှူခိုင်းလိုက်ပါ။ ထောင်မကျဖူးပေမယ့်လည်း ဒီမိုကရေစီအရေးအတွက် ကိုယ်တတ်နိုင်သလောက် လှုပ်ရှားခဲ့ကြတဲ့လူတွေကိုလည်း လေးစားပါတယ်။

အခု ဒီမိုကရေစီအစစ်အမှန် ရရှိရေးအတွက် ၀ိုင်းဝန်းအားသစ်မွေးနေတဲ့အချိန်မှာ လှုပ်ရှားသူတွေရော ပြည်သူလူထုရော အသက်၀၀ရှူခွင့်ရပြီး ကိုယ်ပိုင်ထင်မြင်ချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်များကို တားဆီးခြင်းမပြုကြပါရန် အမြတ်ရပြီးဖြစ်တဲ့ ခိုင်မာတောင့်တင်းပြီးသား အုပ်စုများကို မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။

ကိုယ့်တိုင်းပြည် ဆုတ်ယုတ်တာကို မြင်ချင်တဲ့ နိုင်ငံသားဆိုတာ မရှိနိုင်ပါဟု ယုံကြည်လျက် ...။

မောင်မောင်ဘု
၂၄.၁.၂၀၁၂
Print Friendly and PDFPrintPrint Friendly and PDFPDF