ဒီမိုကရေစီ ရပလားဟေ့

(ကတ္တီပါလမ်းခွဲ ဆောင်းပါးရဲ့ အဆက်ဖြစ်ပါတယ်။ ကတ္တီပါလမ်းခွဲ ဆောင်းပါးမှာ အပျော့နဲ့ အမာကြား၊
တဘက်ကို တဘက် မနှောင့်ယှက်ကြဖို့ ကျွန်တော်ရေးခဲ့ပါတယ်။)
အရင်ဆောင်းပါးနိဂုံးမှာ ပြောခဲ့တဲ့ အတိုင်း ဘာဆက်လုပ်ကြမလဲ ဆိုတဲ့ ကိစ္စကို အကြံပြုတင်ပြချင်ပါတယ်။
ဒီနေ့အချိန်မှာ လုပ်ခွင့်သာပေမဲ့ အတွေး အခေါ်ရှုပ်ထွေးပြီး တွေဝေစရာတွေ သိပ်များလွန်းတဲ့ အတွက် လူသိရှင်ကြားထုတ်ဆွေးနွေးတာဖြစ်ပါတယ်။ လူပုံကြားမှာ အထုပ်ဖြည်ပြနေတယ်လို့ တချို့က ဆိုချင်ဆို
ပါလိမ့်မယ်။ ဒါပေမဲ့ ပြည်သူကို တိုင်တည်ထားမှသာ လမ်းကြောင်း တည့်မတ်နိုင်မယ် လို့ထင်တဲ့ အတွက်
လမ်းဆုံလေးခွမှာ လူသိရှင်ကြား ကြေညာ ပြောဆိုပါမယ်။
အားလုံးသိကြတဲ့ အတိုင်း တကယ်ပြောင်းပြီလား၊ ဒီမိုကရေစီရပြီလားဆိုတာဟာ ဒီနေ့ရေပန်းစားတဲ့ မေးခွန်းပါ။
တကယ်တော့ ဒီမိုကရေစီ တိုက်ပွဲက အဆုံးသတ်ဖို့ အဝေးကြီးလိုပါသေးတယ်။ ခုမှ စလုံးရေ၊ စမလို့ ရှိပါသေးတယ်။ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်မှာ မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ပေးခဲ့တယ်။ တိုင်းရင်းသားအဖွဲ့အစည်းတချို့နဲ့ ယာယီ အပစ် အခတ်ရပ်စဲရေး လုပ်ခဲ့တယ်။ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို လွှတ်ပေးခဲ့တယ်။ဒီအချက်တွေကို ဘာပဲပြောပြော ပြည်သူ တွေ သဘောကျကြတယ်။ စစ်အစိုးရရဲ့ ပြီးခဲ့တဲ့ သမိုင်းတလျောက်မှာပြည်သူတွေလိုလားတဲ့ အရာမှန်သမျှ ဘာတခုမှ လုပ်ပေးခဲ့တာ မရှိတော့ အခုလို ဆောင်ရွက်ချက်မျိုးကို လူတွေကကျေနပ်ကြတယ်။ဒါပေမဲ့ ဒါဟာ ဒီမိုကရေစီ အပြောင်းအလဲလို့ ခေါ်နိုင်ပါပြီလား။


မြစ်ဆုံဆည် စီမံကိန်းဟာ ပြည်သူ့ဆန္ဒကို တစုံတရာ လိုက်လျောပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြစ်ဆုံဆည် စီမံကိန်းကို ပြည်သူလူထုက မကြုံစဖူးလောက်အောင် ညီညီညာညာ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြလို့ပါပဲ။ ၈၈ လူထု လှုပ်ရှားမှုကြီးကလွဲရင် နောက်ပိုင်းမှာ အညီညွတ်ဆုံးလှုပ်ရှားမှု တခုလို့တောင် ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ လူထုဆန္ဒပြမှုဟာ ခေတ်မမီတော့ဘူးလို့ ထင်နေသူ တွေ မြစ်ဆုံသင်္ခန်းစာကို ပြန်လေ့လာသင့်ပါတယ်။

ဒါပေမဲ့ ကြံ့ဖွံ့ အစိုးရ အနေနဲ့ ဒီစီမံကိန်း ရပ်လိုက်တဲ့ အချက်မှာ အရေးကြီးတဲ့ နောက်ထပ် ရည်ရွယ်ချက် တခုရှိပါတယ်။ အဲဒါကတော့ အမေရိကန် အစိုးရကို မျက်စပစ် အချက်ပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
တရုတ်သဘောကျ ထားရာနေ စေရာသွားဘဝမှာ နေမယ့်သူ မဟုတ်ပါဘူးလို့ ဆိုချင်ဟန်ရှိပါတယ်။ တရုတ်နဲ့အမေရိကန်တို့ အကြား ကြိုးတန်းပေါ် လမ်းလျှောက်ကစားမယ့် ကြံ့ဖွံ့ စစ်အစိုးရရဲ့ ပထမ ခြေလှမ်းလည်းဖြစ်ပါတယ်။ အလွန် အန္တရာယ် ကြီး တဲ့ ကစားနည်းလည်း ဖြစ်နိုင်ပါတယ်။

အာဆီယံ ထိုင်ခုံရရေး၊ အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ လာရောက်ရေး၊
IMF World Bank ရဲ့ ကူညီထောက်ပံ့ မှုတွေ ရရေးဟာ သူတို့ရဲ့ တကယ့် ရည်မှန်းချက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ဒီရည်မှန်းချက်တွေကို စစ်ခေါင်းဆောင် တွေနဲ့ စစ်ခေါင်းဆောင်တွေရဲ့ ပုလင်းတူဗူးဆို့ ခရိုနီ စီးပွားရေးသမားကြီးတွေကသာ မျက်မျက်ကလေး ဝါးမြိုခံစားပြီး ကျန်ပြည်သူတွေက သူတို့ ဆီက ပိုလျှံကျတာကလေးကို ခံစားဖို့ဖြစ်ပါတယ်။ ဒါကိုပဲ Trickle-Down Economic လို့ သူတို့ ခေါ်ချင်ပုံရှိပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာဟာ ဒီမိုကရေစီ အရေးအတွက် သိပ်အကျိုးရှိတဲ့ အချက်ဖြစ်ပါတယ်။
စစ်အစိုးရဘက်က အကြီးဆုံးလိုက်လျောပေးခဲ့ရတဲ့ အချက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လွှတ်ပေးချင်တဲ့
ဆန္ဒရှိလို့ စေတနာနဲ့ လွှတ်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့လိုချင်တာကို ရဖို့ ထောင်မြင်လို့ရာစွန့်တဲ့
သဘောပါ။ ဒါတောင် လွှတ်မပေးချင်လွန်းလို့ အလီလီအလာလာ ခွဲပြီး အမျိုးမျိုး သွေးတိုးစမ်းပါသေးတယ်။
လူထုဖိအား နိုင်ငံတကာဖိအားကြောင့်  မတတ်သာလွန်းတဲ့ အဆုံးကျမှ အရေးကြီးတဲ့သူတွေကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါတောင် အကုန်လွှတ်မပေးသေးပါဘူး။ ဒီလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့ အတွက် စစ်အာဏာရှင်တွေကို ဘာမှ ကျေးဇူးတင်စရာ အကြောင်းလည်းမရှိပါဘူး။ တကယ်တော့ ရိုးရိုးရှင်းရှင်းလေးပါ။သူတို့ဖမ်းထားလို့သာ လွှတ်ပေးရတာပါ။ ဖမ်းမထားရင် လွှတ်စရာ မလိုပါဘူး။ လွှတ်တာကို ကျေးဇူးတင်ရင်ဖမ်းတာကိုပါ ကျေးဇူးတင်သလို ဖြစ်သွားပါလိမ့်မယ်။ ဒီလိုသာ ကျေးဇူးတင်စတမ်းဆိုရင် နောက်ထပ် ကျေးဇူးအတင်ခံရအောင် သူတို့က ထပ်ဖမ်းပြပါလိမ့်ဦးမယ်။

သူတို့လိုချင်တဲ့ အချက်တွေကို ရဖို့ ဆိုရင် ကြံ့ဖွံ့ စစ်အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးလိမ့်မယ်၊ တိုင်းရင်းသားတွေနဲ့လည်း ယာယီ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ကြိုးစားလိမ့်မယ် ဆိုတဲ့ အကြောင်းကိုအောက်တိုဘာလ ၃၁ ရက်မှာ ရေးခဲ့တဲ့ ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ ဆောင်းပါးထဲမှာ ဝေဖန်ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ ကြံ့ဖွံ့ အစိုးရအနေ နဲ့ မပေးချင်တဲ့အချက် ၃ ချက်ရှိကြောင်းလည်း အဲဒီ ဆောင်းပါးမှာပဲ ကျွန်တော် ပြောခဲ့ပါတယ်။ အဲဒီ အချက် ၃ ချက်ကိုဘာ့ကြောင့် မပေးချင်တာလဲ ဆိုတော့ အဲဒီ အချက်  ၃ ချက်ကို ပေးလိုက်ရရင်တကယ့်ဒီမိုကရေစီကို ပေးလိုက်ရတာ ဖြစ်လို့ပါပဲ။အဲဒီအချက် ၃ ချက်ကို ကျွန်တော် ဒီလိုရေးသားဖော်ပြခဲ့ပါတယ်။

စစ်အစိုးရအနေနှင့်….
၁။ အခြေခံဥပဒေ (၏အရေးကြီးဆုံးအချက်တွေ)ကို ပြင်မပေးနိုင်။ သည်အချက်သည် အဓိက အကျဆုံးအချက်ဖြစ်သည်။ ဒါကို ပေးလိုက်ရလျင် ဒီမိုကရေစီ ပေးလိုက်ရ ခြင်းမည်ပါသည်။
၂။ တိုင်းရင်းသားတွေအားလုံးနှင့် ( ယာယီ အပစ်အခတ် ရပ်စဲရေး ထက် အဓိပ္ပါယ်ပြည့်ဝသော )
ထာဝရငြိမ်းချမ်းရေးမလုပ်နိုင်။  တိုင်းရင်းသားတို့၏ နိုင်ငံရေး လိုလားချက် တခုမျှမပေးဘဲ ယာယီ အပစ်အခတ်ရပ်စဲထားရသော ငြိမ်းချမ်းရေးမျိုးကိုသာ ဆက်လက် အချိန်ဆွဲပြီး ပေးထားလိုသည်။
၃။ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်၊ လွတ် လွတ်လပ်လပ် ဟောပြောခွင့်၊
လွတ်လွတ်လပ်လပ် အဖွဲ့အစည်း တည်ထောင်ခွင့် အစစ်အမှန်များကို မပေးနိုင်။ ထိုအချက်များကို ပေးလိုက်ရလျင်လည်း ဒီမိုကရေစီ တစိတ်တဒေသ ပေးလိုက်ရခြင်းဖြစ်သောကြောင့် မပေးနိုင်ခြင်းဖြစ်သည်။

အဲဒီတုန်းက ပြောခဲ့တဲ့ ဒီ ၃ ချက်ဟာ အခုလည်း ဆက်ပြီး မှန်နေပါသေးတယ်။ စစ်အစိုးရဟာ ဒီ ၃ ချက်ကို မပေးဘဲရှောင်ရှားဖို့ နည်းမျိုးစုံနဲ့ ခုခံကာကွယ်နေပါတယ်။ဒီအချက် ၃ ချက်စလုံး မပြောင်းလဲသေးသမျှ၊ မပြုပြင်သေးသမျှမှာ စစ်အစိုးရဟာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကို လုပ်နေပြီလို့ မဆိုနိုင်ပါဘူး။ ဒီ ၃ ချက်စလုံး မရသေးရင် ဒီမိုကရေစီတော်လှန်ရေး အောင်ပွဲမရသေးပါဘူး။ စစ်အစိုးရ တကယ် ပြောင်းမပြောင်းကို ဒီအချက် ၃ ချက်နဲ့သာ ကျွန်တော်တို့ တိုင်းတာနိုင်ပါတယ်။ အဲဒီလို မတိုင်းတာ ရင် စစ်အစိုးရရဲ့ မျက်လှည့်ပြပွဲမှာ ကျွန်တော်တို့ မျက်စိလည်သွားနိုင်ပါတယ်။
စစ်အစိုးရက ဟိုနားနည်းနည်း လျော့သယောင်ယောင်လုပ် လိုက်၊ ဒီနား လျော့သယောင်ယောင် လုပ်လိုက်၊
လုပ်ပေးနေတာလေးကိုပဲ ဒီမိုကရေစီ ရပြီလို့ ထင်သွားနိုင်ပါတယ်။ ကြားဖြတ်ရွေးကောက် ပွဲမှာ NLD က
နေရာတချို့ရတာနဲ့ပဲ ဒီမိုကရေစီရသွားပြီလို့ ထင်သွားနိုင်ပါတယ်။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပညာရေးဝန်ကြီးလိုမျိုး ဘာမှ နိုင်ငံရေး သြဇာအာဏာမရှိတဲ့
ဝန်ကြီးနေရာမျိုး ပေးလိုက်ရင်ပဲ ဒီမိုကရေစီ ရသွားပြီလို့ ထင်ယောင်ထင်မှားဖြစ်သွားနိုင်ပါတယ်။
(တကယ်တန်းကျတော့ ဝန်ကြီးတနေရာဆိုတာမျိုးကို လွယ်လွယ်နဲ့ ပေးမှာလည်း မဟုတ်ပါဘူး။ အားလုံး
ဝိုင်းဖိအားပေးလို့ မတတ်သာလွန်းတဲ့ အဆုံးကျမှ ပေးမှာပါ။ သူတို့သာ သဘောရိုးနဲ့ ပေးချင်ရင်ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးခန့်ချင်ရင် အခုလည်း ခန့်လို့ ရပါ တယ်။ ဝန်ကြီးဆိုတာ အခြေခံဥပဒေအရ လွှတ်တော်အမတ်ဖြစ်စရာမလိုပါဘူး။ လွှတ်တော်အမတ်ဖြစ်ရင်၊ လွှတ်တော်က အဆိုပြုရင် ဝန်ကြီးခန့်ပါမယ်လို့ဦးသိန်းစိန်က ဝါရှင်တန်ပို့စ်နဲ့ အင်တာဗျူးမှာပြောတာဟာ သက်သက်ပလီနေတာပါ။ သူပေးချင်ရင် အခုလည်းပေးလို့ရပါတယ်။)

အခုချိန်မှာ ကျွန်တော်တို့ဘက်က အဓိကထား ဆောင်ရွက်သွားရမှာက စောစောက အချက် ၃ ချက် ရရှိရေး
ဖြစ်ပါတယ်။ ဒီအချက် ၃ ချက်ထဲမှာ နံပါတ် ၁ နဲ့ နံပါတ် ၂ အချက်က ပိုအရေးကြီးပါတယ်။ ဒါပေမဲ့ တတိယ
အချက်ကို ကျွန်တော်တို့ အရင်ဦးဆုံးတောင်းဆို တိုက်ပွဲဝင်သင့်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီတတိယ
အချက်ဟာ သူတို့ပေးပါ့မယ်လို့ နိုင်ငံတကာကိုရော၊ အများပြည်သူကိုပါ လူသိရှင်ကြား ဝန်ခံ အသိပေးထားပြီးသားဖြစ်လို့ပါပဲ။ အခြေခံဥပဒေမှာလည်း ဒီအချက်တွေကို ပေးပါမယ်လို့ ဝန်ခံထားပြီး ဖြစ်သလို၊ သူတို့ပါးစပ်ကလည်း အကြိမ်ကြိမ် ကတိပေးထားကြပြီးဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံမှန်ရင် ရှိကို ရှိရမယ်လို့နိုင်ငံတကာက လက်ခံ ထားကြတဲ့ အချက်လည်းဖြစ်နေပါတယ်။

စစ်အစိုးရဟာ အရင်တုန်းကလည်း ပေးထားတဲ့ကတိကိုဖျက်၊ ထွေးထားတဲ့ တံထွေးကို မြိုချလာတာ
တသက်လုံးပဲ၊ ဘယ်တုန်းက ကတိတည် ဖူးလို့လဲ လို့ မေးစရာရှိပါတယ်။ မှန်ပါတယ်။ စစ်အစိုးရဟာ
ဘယ်တုန်းကမှ ကိုယ့်စကားကိုယ် လေးစားတဲ့ အမျိုးအစား မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတကြိမ်မှာ သူတို့
လွယ်လွယ်နဲ့ ကတိဖျက်လို့ မရပါဘူး။ သူတို့ကတိဖျက်ရင် သူတို့ လိုချင်တာတွေ ဆုံးရှုံးသွားနိုင်ပါတယ်။
သူတို့လိုချင်တဲ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာရေး၊
အိုင်အမ်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ် အကူအညီဆိုတာတွေနဲ့ ဝေးသွားနိုင်ပါတယ်။ အမေရိကန်ကလည်း သူတို့
ကတိမတည်ရင် လွယ်လွယ်နဲ့ လိုက်လျောဖို့ ခက်ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတနိုင်ငံအနေနဲ့
သူတို့ နှစ်ပေါင်းများစွာ ပြောလာ တောင်းဆိုလာတာတွေကို ကြံ့ဖွံ့ အစိုးရဘက်က ကတိမတည်ပဲ လွယ်လွယ်နဲ့အလျော့ပေး လိုက်လျောလိုက်မယ်ဆိုရင် ကမ္ဘာ့ အလယ်မှာ အပြစ်တင်စရာ လက်ညှိုးထိုးစရာဖြစ်မှာပါ။ဒီအဖြစ် အရောက်မခံပါဘူး။ အမေရိကန်ဟာ ကိုယ်ကျိုးစီးပွားသက်သက်ကို ကြည့်ပြီး စစ်အစိုးရလိုသမျှ လိုက်လျောလိုက်တယ်လို့ အပြော အဆို မခံနိုင်ပါဘူး။

ဒီတော့ နံပါတ် ၃ လွတ်လပ်ခွင့်တွေကို ကျွန်တော်တို့က တကယ်ပြတ်ပြတ်သားသားနဲ့ နည်းမျိုးစုံသုံး
တောင်းဆိုရင် သူတို့ မပေးချင်ပေမဲ့ မပေးချင်ပေးချင်နဲ့ ပေးလာရဖို့ ရှိပါတယ်။ ကြံ့ဖွံ့အခက်၊ ပြည်သူ့အချက်လို့သဘောထားပြီး ဒီမိုကရေစီ အခွင့်အရေးတွေကို တောင်းဆို တိုက်ပွဲဝင်ကြဖို့ အခွင့်အသာဆုံးအချိန်ဖြစ်ပါတယ်။အခုအချိန်မှာ ခေါင်းဆောင်ကောင်းတွေ၊ သူရဲကောင်းတွေထောင်အပြင် ရောက်လာပါပြီ။ ဥပဒေ ချိုးဖောက်ကြောင်းအထင်အရှား သက်သေ မပြနိုင်ရင်၊ ဒါမှမဟုတ် အများလက်ခံနိုင်လောက်မယ့် အကြောင်းပြချက်မျိုး မရှာနိုင်ရင်သူတို့အနေနဲ့ ခေါင်းဆောင်တွေကို လွယ်လွယ်နဲ့ ပြန်ဖမ်းဖို့ ခက်ပါတယ်။ လွယ်လွယ်နဲ့ ပြန်ဖမ်းလိုက်ရင် သူတို့မျှော်လင့်ချက် အိပ်မက်တွေလည်း ပျက်သုဉ်းရမှာ အသေအချာပါပဲ။

ကြံ့ဖွံ့ အစိုးရအနေနဲ့ တော်တော်အချိန်ကြာတဲ့ အထိ အလျော့ပေးနေရဦးမှာပါ။ ဒီမိုကရေစီယောင်ဆောင်
နေရဦးမှာပါ။ အဲဒါဟာ ဘယ်လောက်အထိကြာမလဲဆိုတော့ စီးပွားရေး ပိတ်ဆို့ထားတာရုပ်သိမ်းပြီးတဲ့ အထိ၊
IMF World Bank က အကူအညီတွေ ရတဲ့ အထိကြာနိုင်ပါတယ်။ အနည်းဆုံးတော့ အဲဒီ နှစ်ခုထဲက တခုခု
ရပြီးတဲ့ အထိ သူတို့ အလျော့ပေးပါလိမ့်မယ်။အဲဒီနောက်မှာ အကြောင်းအမျိုးမျိုးပြပြီး လူဖမ်းပွဲတွေ ပြန်လုပ်လာနိုင်ပါတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေထဲက ခေါင်းမာတဲ့သူတွေ သဘောထားတင်းမာတဲ့သူတွေကြောင့် ဒီလိုလူပြန်ဖမ်းရတဲ့ အခြေအနေရောက်ရပါတယ်လို့လည်း ဆင်ခြေပေးပါလိမ့်ဦးမယ်။ ဒီမိုကရေစီ ဘက်တော်သားတွေထဲက ခေါင်းမာတဲ့သူတွေကြောင့်သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ နောက်ဆုတ်သွားရပါတယ်လို့လည်း ပြောပါလိမ့်မယ်။ ပြတ်သားသူတွေကိုအစိုးရကလည်း လက်ညှိုးထိုး၊ ကိုယ့်အချင်းချင်းကလည်း အပြစ်တင်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ အဲသလိုအပြစ်မတင်နိုင်အောင်၊ ဆင်ခြေမပေးနိုင်အောင် ကိုယ့်ဖက်က လိမ်လိမ်မာမာ နေရမယ်လို့ မဆိုလိုပါဘူး။လိမ်လိမ်မာမာနေရင် ပိုပြီးတောင် လက်ရဲ ဇက်ရဲ နဲ့ ဖမ်းဦးမှာပါ။ အကြောင်းပြချက်က အကြောင်းပြချက်ပါပဲ။ဆင်ခြေက ဆင်ခြေပါပဲ။ တကယ့် အကြောင်းရင်း မဟုတ်ပါဘူး။ တကယ့် အကြောင်းရင်းကတော့ ဒီမိုကရေစီမပေးချင်တာပါပဲ။ ဒီမိုကရေစီ တောင်းဆိုတဲ့သူတွေကို လွတ်လပ်ခွင့် မပေးချင်တာပါပဲ။

ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့စစ်အစိုးရဟာ ဒီမိုကရေစီ မပေးချင်ဘူး၊ တကယ့် အပြောင်းအလဲ မလုပ်ချင်ဘူးလို့
ကျွန်တော်ပြောနေပါတယ်။ သူ့တို့ကို မယုံဘူးလို့ ကျွန်တော်ပြောနေပါတယ်။ ဘာ့ကြောင့် ပြောပါသလဲ။
ဘာ့ကြောင့်လဲ ဆိုတော့ ပြည်တွင်းပြည်ပက ကျေနပ်အောင် လိုက်လျောမှု ပြသရာမှာတောင် ဒီမိုကရေစီနဲ့
လွတ်အောင်ကွင်းရှောင်ပြီး ကျန်တာလေးတွေကိုပဲ လိုက်လျောပြဖို့ ကြိုးစားပမ်းစား လုပ်ဆောင်နေလို့ပါ။
အထက်မှာ ပြောခဲ့တဲ့ ၃ ချက်ကို မတို့ မထိပဲ ကွင်းရှောင်နေလို့ပါ။
ကုန်ကုန်ပြောရရင် ဒီမိုကရေစီနဲ့ ပတ်သက်တာ ဘာတခုမှကို မပေးသေးဘူးလို့ ဆိုချင်ပါတယ်။ ဦးသိန်းစိန်ပေးတဲ့ဒီမိုကရေစီကို ကျွန်တော်တို့ ဘာတခုမှ မခံစားရသေးဘူးလို့ ဆိုချင်တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေကိုလွှတ်ပေးတာဟာလည်း ဒီမိုကရေစီ ပေးတာမဟုတ်ဘူး။ ပြည်သူတွေ ခံစားနိုင်မယ့် အခွင့်အရေးတခုခုပေးလိုက်တာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်ခဲ့သူတွေ၊ ဆက်ပြီး ဆောင်ရွက်မယ့်သူတွေကို လွှတ်ပေးလိုက်တာဖြစ်တဲ့ အတွက် ကြိုဆိုတယ်။ ဝမ်းလည်းသာတယ်။ ဒါပေမဲ့ ကျေးဇူးမတင်နိုင်ဘူး။ စောစောက ပြောသလိုပဲ သူတို့ဖမ်းထားလို့ ပြန်လွှတ်ပေးရတာ။ အမှားလုပ်ထားလို့ အမှားပြင်ရတာ ဖြစ်တယ်။ မြစ်ဆုံဆည်ကိစ္စနောက်ဆုတ်လိုက်တာလည်း ကြိုဆိုတယ်။ ဝမ်းသာတယ်။ ဒါပေမဲ့ ဒါလည်း လူထုသဘောထားမပါဘဲ အမှား လုပ်ထားလို့ အမှားပြန်ပြင်ပေးတာပဲဖြစ်ပါတယ်။ ဒါလည်း အရင်က မရှိတဲ့ ဒီမိုကရေစီ အခွင့်အရေးတခုခုကို ပြည်သူတွေ ခံစားနိုင်ဖို့ ဆောင်ရွက်ပေးလိုက်တာမျိုး မဟုတ်ဘူး။

စာပေ စိစစ်ရေးတို့ ရုပ်ရှင်ဗီဒီယို ဆင်ဆာတို့ကို လုံးဝဖျက်သိမ်းပေးမလား။ အဲဒါဆိုရင် ဒီမိုကရေစီ အခွင့်အရေးတချို့ပေးပြီလို့ ကျွန်တော် လက်ခံပါမယ်။ ဒါပေမဲ့ အမှန်တကယ် လွတ်လပ်ခွင့်ပြုတာဖြစ်ဖို့တော့ အရေးကြီးပါတယ်။ စာပေစိစစ်ရေး ဖျက်ပေးတယ်ဆိုပြီး တဘက်မှာ မီဒီယာဥပဒေ ဘာညာတွေထုတ်မယ်၊ ဥပဒေမလိုက်နာရင်ဖမ်းမယ် ၊ ထောင်ချမယ်တို့၊ ဒဏ်ငွေ ၁၀ သိန်းရိုက်မယ်၊ သိန်း ၁၀၀ ရိုက်မယ်တို့ ဆိုတဲ့ တင်းကြပ်မှု တွေလုပ်လာမယ်ဆိုရင်တော့ လက်ခုပ်တီးမယ့် အစား လူလိမ်လူညစ်တွေပါလားလို့ လက်ညှိုးငေါက်ငေါက် ထိုးပြောဖို့သာရှိပါတယ်။ခုထိ သူတို့ အစိုးရ လုပ်နေသမျှကတော့ အရင်ကထက် နည်းနည်းပိုဖော်ပြခွင့် ပေးသလိုလို ဟပေးလိုက်တယ်။လူတွေ နည်းနည်း ဝမ်းသာပြီး တိုးလုပ်တော့ ပြန်ရုပ်လိုက်ပြန်တယ်။ ဒါဟာ သူတို့ ဒီမိုကရေစီ အယောင်ဆောင်နေတာပါ။  ဆက်ပြီးတော့လည်း သူတို့ ဒီမိုကရေစီ အယောင် ဆောင်နေဦးမှာပါ။ အောင့်သက်သက်ကြီးနဲ့ကိုဒီမိုကရေစီ ယောင်ဆောင် နေရဦးမှာပါ။ ကျွန်တော်တို့ကလည်း ဒီမိုကရေစီအခွင့်အရေးတွေကို သူတို့လျှာဖျားကနေ ဟန်ဆောင်ပန်ဆောင် ပေးတာ ကို မသိချင်ယောင်ဆောင်ပြီး၊ မင်းတို့ပေးလို့ ယူပြီကွဆိုပြီး အပိုင်အရဖမ်းဆုပ်ရယူရမယ့် အချိန်ဖြစ်ပါတယ်။

ပထမဆုံးကျွန်တော်တို့ တောင်းဆိုရမှာက လွတ်လပ်စွာပြောဆိုဟောပြောခွင့် ဖြစ်ပါတယ်။ စာပေ၊ ရုပ်ရှင်၊ ဂီတ၊အနုပညာ လွတ်လပ်ခွင့် တွေကို ကျွန်တော်တို့ ရအောင်ယူရပါမယ်။ စာပေစိစစ်ရေး၊ ရုပ်ရှင်ဆင်ဆာ၊ ဗီဒီယိုဆင်ဆာတွေကို ပြုတ်အောင်တိုက်ရမှာပါ။ ဒါတွေ မပြုတ်သေးသမျှမှာ ဒီမိုကရေစီဆိုတာဟာ လျှာဖျားဒီမိုကရေစီသာဖြစ်ကြောင်း မီးမောင်းထိုးပြပြောဆိုကြရမှာပါ။ လွတ်လွတ်လပ်လပ် တရားဟောခွင့်၊ လွတ်လပ်စွာပြောဆိုစည်းရုံးခွင့်၊ လွတ်လပ်စွာဆန္ဒပြခွင့် တွေရအောင်ဆက်လုပ်ရပါမယ်။ လွတ်လပ်စွာ ဆန္ဒပြခွင့် ဥပဒေ၊ လွတ်လပ်စွာအသင်းပင်းဖွဲ့စည်းခွင့် ဥပဒေတွေကို လက်တွေ့ကျင့်သုံးလို့ မရသေးအောင်၊ ရူးချင်ယောင်ဆောင်ပြီး ညစ်ထားကပ်ထား တာတွေကို ဖွင့်ချတိုက်ခိုက်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် အလုပ်သမား၊ လယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ကိုပြည်ထဲရေးက လုပ်ထုံး လုပ်နည်းတွေ မရေးရသေးလို့ဆိုတဲ့ အူကြောင်ကြောင် အကြောင်းပြချက်နဲ့ အချိန်ဆွဲထားတာမျိုးကို ကျွန်တော်တို့ ခွင့်ပြုထားလို့ မဖြစ်ပါဘူး။ သူတို့ ရည်ရွယ်ချက်ကို ဖွင့်ချ ဖော်ထုတ်ဖို့ လိုပါတယ်။

အသင်းအပင်းတွေကို သမဂ္ဂတွေကို ကျွန်တော်တို့ ဖွဲ့စည်းရပါမယ်။ ကျောင်းသားသမဂ္ဂ၊ လယ်သမား သမဂ္ဂ၊
အလုပ်သမား သမဂ္ဂ အစစ်အမှန်တွေ ပေါ်ပေါက်လာတဲ့ အထိဆောင်ရွက်ရပါမယ်။ လူထုအဖွဲ့အစည်းဆိုတာဟာဒီမိုကရေစီရဲ့ တကယ့် အင်အားဖြစ်ပါတယ်။ တကယ့်အခြေခံတွေလည်း ဖြစ်ပါတယ်။ သေသေချာချာနဲ့အခိုင်အခန့် တည်ဆောက်ထားနိုင်ရင် စစ်အစိုးရအနေနဲ့ အလွယ်တကူ ဖျက်ဆီးလို့ မရနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တကယ်အံတုနိုင်မယ့် အရာတွေဖြစ်ပါတယ်။ ဒီအခြေခံတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ နိုင်မနိုင်ဆိုတာထက် ဒီမိုကရေစီ အတွက် ပိုအရေးကြီးပါတယ်။
ဒီလိုသမဂ္ဂတွေထူထောင်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးလုပ်တာထက် ဒီမိုကရေစီ အရေး အတွက်
ပို ထိရောက်ပါတယ်။ ဒီလိုသမဂ္ဂတွေဟာ လွှတ်တော်ထက် အာမခံချက်ပိုရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့
အဲဒီအဖွဲ့အစည်းတွေထဲမှာ တကယ့်အောက်ခြေလူထုတွေ ပါနေကြလို့ပါ။ အလုပ်သမား၊ လယ်သမား၊
ကျောင်းသားတွေဟာ ကိုယ်တိုင်ခံစားနေကြရသူတွေဖြစ်နေကြလို့ပါ။

တချိန်တည်းမှာပဲ အစိုးရနှပ်ကြောင်းပေးနေတဲ့ ဘုန်းကြီး နိုင်ငံရေးမလုပ်ရ၊ ကျောင်းသားက ကျောင်းသား
အရေးပဲလုပ်ရမယ်၊ နိုင်ငံရေးမ လုပ်ရ၊ အလုပ်သမားက လုပ်ခတိုးရေးပဲ ပြောရမယ်၊ နိုင်ငံရေး မလုပ်ရ၊
လယ်သမားက စပါးကိစ္စ၊ မြေဆီကိစ္စ၊ လယ်ကိစ္စပဲ ပြောရမယ်၊ နိုင်ငံရေးမလုပ်ရဆိုတဲ့ ကျဉ်းမြောင်းတဲ့
ကိုယ်ကျိုးသက်သက် နိုင်ငံရေး ထဲချောင်ပိတ်သွတ်သွင်းမယ့် အန္တရာယ်ကိုလည်း ကာကွယ်ရပါမယ်။
ကိုယ့်အရေးကိုယ် သာဆောင်ရွက်ရမယ်ဆိုတာ အများပြည်သူရဲ့ ကျယ်ပြန့်တဲ့ ဒီမိုကရေစီ အမြင်ကို လမ်းကျဉ်းထဲသွတ်သွင်းတာဖြစ်ပါတယ်။ ဒီမိုကရေစီ အဖွဲ့အစည်းတွေ တခုနဲ့ တခု ချိတ်ဆက်လှုပ်ရှားလို့
မရအောင် ကန့်သတ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်နဲ့ နောက်လိုက်အကြား ထင်ယောင်ထင်မှား
ဖြစ်အောင် သွေးခွဲတာလည်း ဖြစ်ပါတယ်။

တကယ်တော့ ကျောင်းသားဖြစ်စေ၊ ဘုန်းကြီးဖြစ်စေ၊ အလုပ်သမားဖြစ်စေ၊ လယ်သမားဖြစ်စေ၊ တိုင်းပြည်
ငြိမ်းချမ်းတိုးတက်နေရင် ဘယ်သူမှ နိုင်ငံရေး မလုပ်ချင်ကြပါဘူး။ ဒါပေမဲ့ မတရားမှုတွေ ဖိနှိပ်မှုတွေ ဆင်းရဲ
မွဲတေမှုတွေ ရှိနေရင် ဘယ်သူမှ နိုင်ငံရေးနဲ့ မကင်းနိုင်ပါဘူး။ မလုပ်ချင်လို့လည်း မရပါဘူး။ ဒါဟာ
သမိုင်းပေးတာဝန်ပါ။ တာဝန်သိတတ်ရင် ဘယ်သူမှ ရှောင်လွဲလို့ မရပါဘူး။ ဦးဥတ္တမ၊ ဦးဝိစာရ အပါအဝင်
ရဟန်းသံဃာများစွာ နိုင်ငံရေး လုပ်ခဲ့ကြဖူးပါတယ်။ ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးလုပ်ကြ
တာဟာလည်း သမိုင်း အစဉ်အဆက် ဆောင်ရွက်ခဲ့ကြတဲ့ သမိုင်းပေးတာဝန်တရပ်ဖြစ်ပါတယ်။
အလုပ်သမားတွေဟာလည်း လုပ်ခအရေးသက်သက်ကလေးကိုသာ ကျဉ်းကျဉ်းမြောင်းမြောင်းလုပ်ရင်
တခြားလူတန်းစားအဖွဲ့အစည်း တွေ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ကင်းကွာပြီး၊ အလုပ်ရှင်လက်ကိုင်တုတ်
အစိုးရလက်ကိုင်တုတ် သမဂ္ဂမျိုးဖြစ်သွားတတ်ပါတယ်။

လယ်သမားသမဂ္ဂတွေ ထူထောင်တဲ့အခါ ကျောင်းသားတွေ လူငယ်တွေဟာ လယ်သမားတွေဆီ အရောက်
သွားဖို့လိုပါတယ်။ လယ်သမား တွေကို သင်ကြားပြသပေးစရာတွေရှိသလို၊ လယ်သမားတွေဆီကနေ
သင်ယူစရာတွေ အမြောက်အများရှိပါတယ်။ နိုင်ငံရေးဆိုတာ မြို့ပြ အရပ်၊ သံတမန်နဲ့ မီဒီယာရှိတဲ့ အရပ်နဲ့ပဲ
သက်ဆိုင်တဲ့ အရာဆိုတဲ့ ခေတ်ကို အဆုံးသတ်သင့်ပါပြီ။ မြို့မှာတင်ပြည်သူရှိတာမဟုတ်ပါဘူး။ တောမှာ
ပိုများပါတယ်။ ကျေးလက်ဒေသတွေမှာ နိုင်ငံရေးလှုပ်ရှားမှု ကင်းမဲ့ ခြောက်သွေ့နေခဲ့တာဟာ ၈၈ နောက်ပိုင်းတလျှောက်လုံးဖြစ် ပါတယ်။ ကျေးလက်ဒေသမှာ သူ့နည်းသူ့ဟန်နဲ့ နိုင်ငံရေး ရှင်သန်နေနိုင်အောင် ပျိုးထောင်ထားသင့်ပါတယ်။ မြို့ပြမှာ ဖိနှိပ်မှု သိပ်များလွန်းလို့ မလှုပ်ရှားသာတဲ့ အချိန်မှာတောင် ကျေးလက်က သူ့ဖာသာသီးသန့်လှုပ်ရှားနိုင် တဲ့ အထိ ကျေးလက်နိုင်ငံရေး အားကောင်းနေအောင် ပြင်ဆင်ထားသင့်ပါတယ်။ အခုခေတ်ဟာ တောကလူတွေ စာမဖတ်တတ်တဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။

ဒီလို နံပါတ် ၃ လိုအပ်ချက်တွေ အတွက် ကျွန်တော်တို့ တောင်းဆိုတိုက်ပွဲဝင်ကြမယ့် အချိန်မှာ နံပါတ်တစ်၊
နံပါတ်နှစ် အချက်တွေကို ပြစ်ပယ်ထားရမယ်လို့ မဆိုလိုပါဘူး။ နံပါတ် ၁ နဲ့ နံပါတ် ၂ ဆီ ဦးတည်ချီတက်ရမှာပါ။
ပြည်တွင်း ငြိမ်းချမ်းရေးနဲ့၊ အခြေခံဥပဒေတိုက်ဖျက်ရေးတို့ကို မျက်ခြေ မပြတ်ဖို့လိုပါတယ်။ အခြေခံဥပဒေ
တိုက်ဖျက်ရေးဟာ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ပါ။ ဒီအခြေခံ ဥပဒေရှိနေရင် စစ်မှန်တဲ့ ပြည်ထောင်စုလည်း မပေါ်ပေါက်နိုင်သလို ပြည်တွင်းငြိမ်းချမ်းရေးလည်း ဝေးနေဦးမှာပါပဲ။ လွှတ်တော်ထဲမှာ စစ်သား တမတ်သားကဘယ်သူမှ မရွေးကောက်ပဲ မျက်နှာပြောင်ပြောင်နဲ့ ထိုင်နေသမျှ၊ ကာ-လုံ အဖွဲ့က လွှတ်တော်အထက်မှာ ရှိနေသမျှ၊ အချိန်မရွေးအာဏာသိမ်းခွင့် ဆိုတာကြီး ရှိနေသမျှ၊ အရွေးကောက်မခံရတဲ့သူတွေနဲ့ အစိုးရဖွဲ့နေသမျှမှာ ဒီမိုကရေစီဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ကျွန်တော်တို့ကို ကြံ့ဖွံ့ အစိုးရက မသထာရေစာပေးထားတဲ့ အယောင်ဆောင်ဒီမိုကရေစီ အခွင့်အရေးဟာ
နှောင်ကြိုးတဲ ထားတဲ့ ဒီမိုကရေစီ ပါ။ ကြိုးရှည်ရှည်နဲ့ လှန်ထားတာပါ။ သူတို့ကြိုက်သလို ကဖို့ ကြိုးနဲ့ အချက်ပြပေးနေပါတယ်။ သူတို့ မကြိုက်တဲ့ အချိန်မှာ၊ သူတို့ မထိန်းနိုင်တဲ့ အချိန်မှာ ကြိုးကိုဆောင့်ဆွဲပြီး အခွင့်အရေးအားလုံးတခုမကျန် ရုပ်သိမ်းမှာပါ။ သူတို့ ဒီလို ရဲရဲတင်းတင်း ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်သွားတာ၊ ဒီလို လုပ်ခွင့်ရသွားတာကလည်း သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို နိုင်ငံရေးသမားတချို့က လက်ခံလိုက်တဲ့ အတွက် အသက်ဝင်သွားလို့ပါ။သူတို့ ကြိုးကို ပြန်ဆောင့်ဆွဲမယ့် အချိန်မှာ အားလုံးကို သိမ်းကြုံးပြီးထောင်ထဲထည့်တာမျိုးလုပ်ချင်လုပ်ပါလိမ့်မယ်။ အခြေအနေ သိပ်ဆိုး ရင် စစ်တပ်က ပြန်ပြီးအာဏာသိမ်းတာမျိုးတောင်ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အခုအချိန်လေးအတွင်းမှာတော့ စောစောကလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ အတွက်
ကျွန်တော်တို့ အနေနဲ့ အနှစ်နှစ်ဆယ်အတွင်း တခါမှ မကြုံဖူးတဲ့ အခွင့်အရေးမျိုး ရနေပါတယ်။ ဒါပေမဲ့
ဒီအခွင့်အရေးဟာ အမြဲတည်တန့်နေမယ့် အခွင့်အရေးမဟုတ်ပါဘူး။ ကာလတိုတိုကလေးမှာသာ ရနိုင်မယ့်
အခွင့် အရေးမျိုးဖြစ်ပါတယ်။ တကယ်လို့ သမ္မတကြီး အခက်တွေ့မှာ စိုးရိမ်နေရင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ရွေးကောက်ပွဲ လမ်းစဉ်ကို ထိခိုက်မယ်လို့ ဝေဖန်တာတွေကြောင့် တွေဝေနေရင်၊ စစ်အစိုးရ ခေါင်းမာဂိုဏ်းတွေစိတ်ကောက်ပြီး အာဏာသိမ်းလိမ့်မယ် ဆိုတဲ့ အကြောင်းပြချက်တွေကို စဉ်းစားနေမယ်ဆိုရင်တော့ ရတောင့်ရခဲ အခွင့်အရေးကြီးကို ကျွန်တော်တို့ လက်လွတ်သွားမှာ ဖြစ်ပါတယ်။

ဆန္ဒပြတာ ခေတ်နောက်မကျသေးပါဘူး။ လိုအပ်ရင် ဆန္ဒပြတဲ့နည်းကို ထုတ်ဖော် အသုံးပြုရမှာပါ။ လူထုကို
အခြေခံတဲ့ နိုင်ငံရေးဟာ အမြဲတန်းခေတ်မီနေမယ့် နိုင်ငံရေးပါ။ လူထုကို မယုံကြည်ရင် ကျွန်တော်တို့ရဲ့
ယုံကြည်မှုအားလုံး ယိမ်းယိုင်သွား နိုင်ပါတယ်။ ဆန္ဒပြ တာဟာ ဒီနေ့အထိ လူထုကိုင်စွဲကျင့်သုံးနေတဲ့
အကောင်းဆုံးလက်နက် အဖြစ် တကမ္ဘာလုံးက လူထုတွေအားထားယုံကြည်နေဆဲပါ။ တကယ်တော့
အာရပ်မှာလည်း ဆန္ဒပြနေတာပဲ အမေရိကန်တို့ ဥရောပတို့မှာလည်း အကြီးအကျယ် ဆန္ဒပြနေတာပဲ
မဟုတ်လား။ ဘာ့ကြောင့် ကျွန်တော်တို့ နိုင်ငံမှာကျမှ ဆန္ဒပြတာ ခေတ်မမီဘူးလေးဘာလေး လာပြောနေရသလဲ။လူထုဟာ သူတို့လိုချင်တာကို ဖော်ထုတ်ပြသဖို့ အတွက် ဘယ်ခေတ်၊ ဘယ်အခြေအနေ၊ ဘယ် အစိုးရလက်ထက်မှာမဆို၊ ဘယ်နိုင်ငံမှာ မဆို ဆန္ဒပြသင့်တယ်၊ ဆန္ဒပြခွင့်ရှိတယ်၊ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် ခေတ်မီတယ်လို့ ဆိုချင်ပါတယ်။ အာဏာရှင်ခေတ်တင် မဟုတ်ပါဘူ။ ဒီမိုကရေစီခေတ် ရောက်ရင်လည်း ဆန္ဒပြ ရဦးမှာပါ။

လွှတ်တော်ပြင်ပ လူထု နိုင်ငံရေးဟာ လွှတ်တော်နိုင်ငံရေးထက် ပိုအရေးကြီးပါတယ်။ ဥပဒေလိုက်နာရေး ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဒီမိုကရေစီကို ဘောင်ခတ် သွတ်သွင်းလိုက်ရင် ဒီမိုကရေစီ ညှိုးနွမ်းသွားပါလိမ့်မယ်။ မတရားတဲ့ ဥပဒေတွေရဲ့လောင်းရိပ်မိပြီး ဒီမိုကရေစီ ခြောက်သွေ့ သေဆုံးသွားပါလိမ့်မယ်။  လွှတ်တော်ထဲမှာပဲ ဒီမိုကရေစီရှိပြီးအလုပ်ထဲ၊ အိမ်ထဲ၊ ဈေးထဲ၊ ကျောင်းထဲမှာ ဒီမိုကရေစီ မရှိရင် အဲသလို ဒီမိုကရေစီဟာ အခွင့်ထူးခံဒီမိုကရေစီဖြစ်ပါလိမ့်မယ်။ အပေါ်မှာပဲ ဒီမိုကရေစီရှိပြီး အောက်ကို ဒီမိုကရေစီ ရောက်မလာဘူးဆို တာဟာ ဒီမိုကရေစီကိုအပြောသက်သက် အရသာခံပြီး ဖြီးဖြန်းညာဝါးနေတာသာဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ပြည်သူတွေကိုယ်တိုင်ရမှ ဒီမိုကရေစီ၊ ပြည်သူတွေ မရရင် အဲဒါ လေမိုခရေဇီပဲ။ (လေတွေပဲ မိုမောက် များပြားနေတဲ့ရူးကြောင်ကြောင် အပြောတွေလို့ ဆိုချင်တာပါ။) အိမ်မှာ ထမင်းပိုစားရမလား၊ ဟင်းကောင်းကောင်းနဲ့ စားရမလား၊ဝင်ငွေ တိုးလာမလား၊ အဲဒါဆိုရင် ကောင်းလာပြီလို့ ယုံလိုက်ပါမယ်။ စကားပိုပြောခွင့်ရမလား၊ စာပိုရေးခွင့်ရမလား။အဲဒါဆိုရင် တိုးတက်လာပြီလို့ လက်ခံမယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ ရဝတ၊ စစ်သားကအစ၊ ဘယ်တရားသူကြီး၊ဘယ်ဝန်ကြီး၊ ဘယ်ဗိုလ်ချုပ်၊ ဘယ်သမ္မတကိုမှ ကြောက်စရာ မလိုဘူး၊ ငါမှန်တာလုပ်ရင် ဘယ်သူ့မှဂရုစိုက်စရာမလိုဘူးကွလို့ ပြောနိုင်ပြီလား။ အဲဒါဆိုရင် ဒါမှ ဒီမိုကရေစီကွလို့ လှိုက်လှိုက်လှဲလှဲ ထောက်ခံလိုက်မယ်။ ကိုယ့်ဆီရောက်မှဒီမိုကရေစီ၊ ကိုယ်တိုင်ရမှ ဒီမိုကရေစီပဲ။ ကိုယ်တိုင် ဘာမှ မရရင်တော့ ဘာသမ္မတ၊ဘာလွှတ်တော် ကြီးတွေက အမြုပ်တစီစီထအောင် ပြောပြော သူတို့ ပြောသမျှဟာ လေမိုခရေဇီပဲ ဖြစ်မှာပဲ။

ဒါ့ကြောင့် ဒီမိုကရေစီရေးကို လွှတ်တော်ထဲမှာ လုပ်နေပါတယ်ဆိုတာနဲ့ စိတ်ချမထားလိုက်ကြပါနဲ့။
လွှတ်တော်ထဲမှာ စမ်းချင်သူတွေ လည်း စမ်းကြည့်ကြပါ။ ဒါ့အပြင် ကျန်တဲ့လူတွေကလည်း တကယ့်
လူထုကြားထဲမှာ၊ တကယ့် လူ့လောကထဲမှာ နည်းလမ်းရှိသမျှ အကုန်သုံးပြီး၊ အားလုံးပါဝင် ဆောင်ရွက်ကြပါစို့။ နည်းလမ်းမတူကြသည့်တိုင်အောင် တယောက်ကို တယောက် ကူညီဆောင်ရွက် ကြပါစို့။

နောက်ဆုံးအနေနဲ့ အရေးကြီးဆုံး တချက်ကိုလည်း ထပ်လောင်းပြောပါရစေ။ နည်းလမ်းမတူသူတွေကြားမှာ အလုပ်ခွဲလုပ်တာကို ကတ္တီပါလမ်းခွဲ (velvet divorce) လို့ သဘောထားပါ။ တဘက်ကို တဘက် မနှောင့်ယှက်ကြေး။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
Print Friendly and PDFPrintPrint Friendly and PDFPDF