၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာသိပ်မရှိလို့ ဦးဌေးဦးပြော

နှစ်ပေါင်းများစွာ ဆွေးနွေး ပြုစုထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အလက်တွေထဲမှာ လောလောဆယ် ပြင်ဆင်စရာ သိပ်မပါဝင်ကြောင်း အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတစ်ဦး ဒီကနေ့ ပြောဆိုလိုက်ပါတယ်။လာမယ့် ဧပြီ ၁ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အလားအလာတွေကို အာအက်ဖ်အေက သီးသန့် ဆက်သွယ် မေးမြန်းစဉ်မှာ ပါတီအထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ခုလိုပြောတာပါ။

ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လစ်လပ်နေတဲ့ အမတ် ၄၈ နေရာမှာ ၀င်ပြိုင်ဖို့ မနေ့က စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ဒေသတွင်း မဲဆွယ်ရာမှာ လျှပ်စစ်မီး ရရှိရေးအပြင် လမ်းပြင်ပေးမယ် တံတား ဆောက်ပေးမယ် စတဲ့ မက်လုံး တွေပေးပြီး မဲဆွယ်နေတာနဲ့ ပတ်သက်လို့ အစိုးရနဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကွဲကွဲပြားပြား ရှိပါသလားလို့ အာအက်ဖ်အေက မေးမြန်းရာမှာ ဦးဌေးဦးက“အစိုးရ မဟုတ်ပါဘူး။ အစိုးရ မပါပါဘူး။ တချို့ကိစ္စတွေကျတော့ ဥပမာအားဖြင့် လမ်းမီးတွေ ဘာတွေဆွဲတာ လိုင်းတွေ ဘာတွေ ပြင်ကြတော့လည်း ကျွန်တော်တို့ တိုက်တွန်းပေးတာပေါ့။

အစိုးရသိအောင် တင်ပြတဲ့ အချိန်ကျတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် သူတို ဆောင်ရွက်တဲ့ အချိန်ကျတော့ ဒီအချက်ကလေးတွေ သိတယ်ဆိုရင် သူတို့လည်း စဉ်းစားပြီး လုပ်ပေးတာတွေ ရှိတာပေါ့”။

ဦးဌေးဦးက ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ လူထု သဘောကျမယ့်သူတွေကို ရွေးချယ်ထားပြီး ပြည်သူနဲ့ ဒေသအပေါ် စေတနာကောင်းနဲ့ ဆောင်ရွက်သူတွေကို အဓိကထားကြောင်း ပြောဆိုပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF